မန်မာစာ ဆင်းရဲကြပုံများ
မောင်သာနိုး
================
ကိုလိုနီခေတ်က မြန်မာအချို့ဟာ သူတို့ မြန်မာစာညံ့ပါတယ် ဆိုတာကိုပဲ
အသားယူစရာလို့ အောက်မေ့ပြီး "ကိုယ်တို့ကတော့ မြန်မာစာ ဆင်းရဲတယ်" လို့
ကြွေးကြော်လေ့ ရှိကြတယ်။ မြန်မာစာဆင်းရဲတယ် ဆိုတော့ အင်္ဂလိပ်စာတော့
ချမ်းသာသလိုလို။ တကယ်က သေသေချာချာ ဆန်းစစ်ကြည့်ရင် သူပြောနေတဲ့ အင်္ဂလိပ်
စကားကလည်း ဘိုကြက်ချေး အင်းဂလစ်၊ ဖွတ်ကျား အင်္ဂလိပ်စကား။
ကနေ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာတော့ ဒီလို အခြောက်တိုက်
လေလုံးထွားတတ်သူ မရှိသလောက် ရှားသွားပါပြီ။ ဒါပေမယ့် ပါးစပ်က
မြန်မာစာညံ့ပါတယ်လို့ ထုတ်မပြောပေမယ့် လက်တွေ့ညံ့ပြနေသူတွေကတော့
ရှိနေတယ်။ ရှိသမှ ရိုးရိုးသာမန် အရပ်သားထဲမှာ မဟုတ်၊ အနုပညာစာပေနယ်ထဲမှာ
ဝင်ဆန့်နေပြီး မြန်မာစာညံ့ပြနေတာ။ အဓိက ဆက်သွယ်ရေးမဏ္ဍိုင်အဖြစ် မြန်မာစာ၊
မြန်မာစကားသုံးနေသူ ဖြစ်ပါလျက် မြန်မာစာ ဟုတ္တိပတ္တိ မတတ်တာ။
တေးဂီတသမားဆိုတာ ဘာသာစကားကို သုံးရသူပဲ ဖြစ်တယ်။ ခေတ်ပေါ် ဘာသာစကားကို
သူလိုငါလို ပြောတတ်၊ ရေးတတ်တဲ့အပြင်၊ အနုပညာသမားဆိုမှတော့
ဂန္ထ၀င်စာပေကိုလည်း အထိုက်အလျောက် ကျွမ်းဝင်ဖို့ လိုပေလိမ့်မယ်။
သီချင်းကြီး၊ သီချင်းခန့်ဆိုတာတွေကို လေ့လာဖူးကာ ပျို့၊ ရတု၊
ဂန္ထ၀င်ကဗျာများကိုလည်း ထဲထဲဝင်ဝင် ရှိသင့်တယ်။ အခုတော့ ရှေးဟောင်း
ဂန္ထ၀င်ဆိုတာ မပြောနဲ့ ၊ လွန်ခဲ့တဲ့ အနှစ် ၃-၄၀ က ကာလပေါ်တေး ကိုတောင်
နားဝေးနေသူတွေ တွေ့နေရတယ်။
နန်းတော်ရှေ့ဆရာတင်ဆိုတာ ခေတ်ဟောင်း တေးရေးဆရာများထဲမှာ အရပ်သုံး
ခေတ်ပေါ်စကားကို အလွယ်ဆုံး သုံးနှုန်းရေးဖွဲ့တတ်သူပါ။ ဒါတောင် သူ့ရဲ့
"လက်ရေတပြင်တည်း" ကို ရွှေဥာဏ်တော်စူးပြီး "လက်ရေတပြင်စီး" ရယ်လို့
လုပ်လိုသူ ပေါ်ခဲ့ဖူးသေးတယ်။ ဒေါင်းလန်းကြီးနဲ့ စားကြတယ်ဆိုတော့ ထမင်းကို
နှိုက်တဲ့ လက်အသီးသီးက ဟင်းရည်တွေဟာ တပြင်တည်း စီးဆင်းနေတယ်ပေါ့လေ။
နောက်မှ ဒီလိုမဟုတ်ရပါဘူး။ "လက်ရည်တပြင်တည်း" ဆိုတာ "တစိတ်တည်း
တ၀မ်းတည်း" လို့ ဆိုလိုတာ ဖြစ်တယ်လို့ ၀ိုင်းရေးကြ ထောက်ပြတော့မှ
"လက်ရည်တပြင်တည်း" ဖြစ်လာတော့တာ။ ဒါတောင် "မင်းဂံဘုတ်" သီချင်းထဲက
တောသူမလေး ခေါင်းပေါ်တင်လိုက်တာဟာ "ရှန်တဘက်" မဟုတ်ပါဘူး။ "ရှာတဘက်"
ပါလို့ အဲဒီခေတ်ကို ကောင်းကောင်းမီလိုက်သူ လူထုဒေါ်အမာက ရှင်းပြပေမယ့်
ခုထက်ထိ ဒီသီချင်းဆိုသူတိုင်းက "ရှန်တဘက်" နေတုန်းပဲ။
မြို့မငြိမ်းကျတော့ နန်းတော်ရှေ့ထက် ခေတ်စကားကို ခေတ်စကားကို
ထူးထူးခြားခြားလေးဖြစ်အောင် ကွန့်ပြီး သုံးတတ်သူဖြစ်တယ်။
သူ့တေးစာသားနဲ့လဲတွေ့ရော၊ ခေတ်ဂီတပညာရှင်ကြီးတွေ ခြောက်ပါးမှောက်ကုန်
တော့တာပါပဲ။ (အယ်ဒီတာခင်ဗျာ။ ။ ငါးပါးမက မှောက်ကုန်တယ်လို့ ဆိုလိုတာ
ဖြစ်ပါတယ်) ဒါကို ဆရာရဲ့ "ပျို့မှာတမ်း" သီချင်းလေးကို ပြန် ဆို ကကြ
သံကြားတိုင်း ခံစားမိတယ်။ ပထမ မေဆွိ။ မနေ့တနေ့က ရီရီသန့်။
သီဆိုသူတွေကိုတော့ အပြစ်မတင်လိုပါဘူး။ သူတို့ကို သင်ကြားပြသပေးလိုက်တဲ့
ဆရာသမားများက ညွှန်ပြသလို သူ့ခမျာ များ ဆိုကြရတာ ဖြစ်မှာပေါ့။ လုပ်ပုံက
"စားစား သွားသွား- နေ နေ၊ မောင့်အပေါ် ဗွေမယူပေါင်ရှင်" တဲ့လေ။
အရေးအမှတ်မှားပြီး ဒီလို ဖြစ်သွားရသလား၊ လူတတ်လုပ်ပြီး တမင်ပြင်သလားတော့
မသိဘူး။ ကြည့်ရတာ "မောင့်အပူပွေသူ" ဆိုတဲ့ မြန်မာစကားအသုံးကို
ဥာဏ်မမီလိုက်တာနဲ့ ထင်ရာကြဲလိုက်ကြပုံပါပဲ။ "အပူပွေ" တယ်ဆိုတာ "ဗျာပွေ"
တယ်နဲ့ အတူတူပါပဲ။ မိန်းကလေးက မောင့်အတွက် ပူပန်ရတဲ့ အပူတွေ ပွေနေသူပါ၊
ဗျာပွေရသူပါလို့ ပြောနေတာ ဖြစ်တယ်။ စားလေရာ သွားလေရာ နေလေရာ သူ့မှာ
မောင့်အတွက် ဗျာပါပွေရတယ်လို့ ဆိုလိုတယ်။ မောင်ဘယ်သွားသွား၊ ဘယ်စားစား၊
ဘယ်မှာနေနေ၊ ဗွေမယူပါဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။
တနေ့က ဆရာငြိမ်းရဲ့ "မပြီးသေးသော ပန်းချီကား" သီချင်းကို ဆိုသွားကြတာတွေ
ကြားလိုက်ရ ပြန်တယ်။ ဆရာငြိမ်းရေးရင်းက "ချစ်သူဟာလဲ မလှမ်းမကမ်းမှာ
ရောက်နှင့်တဲ့ကာမြင်" ရယ်လို့ ဖြစ်တယ်။ ဒါကို "ရောက်နှင့်ခဲ့တာမြင်" လို့
လုပ်သွားကြလေရဲ့။ သူ့ခမျာများ "တဲ့ကာ" မြန်မာစကားအသုံးကို မကြားဘူး
ရှာကြဘဲကိုး။ "သွားတဲ့ကာ၊ လာတဲ့ကာ" ဆိုတဲ့ အသုံးအနှုန်း မြန်မာစကားမှာ
ရှိပါတယ်။ သူ့နေရာနဲ့ သူ့အဓိပ္ပါယ်နဲ့သူ ထိမိတဲ့ အသုံးအနှုန်းကလေး ဖြစ်တယ်။
ဒါနဲ့ "ခဲ့တာ" အစားဝင်လို့ မရပါဘူး။
မြန်မာစကားမှာ "လေသွေးတယ်" ဆိုတာ တော်တော်ရိုးပါတယ်။ နှင်းဆီ အဖူး
အငုံလေးတွေကို လေသွေးလိုက်တော့ ဟိုယိမ်းဒီယိမ်းနဲ့ လုပ်လီလုပ်လဲ့
ဖြစ်နေတာကို ခေတ်ဟောင်း တေးရေးပညာရှင်က "သွေးကာချီ ဖူးပွင့်ငုံဝေစီ" လို့
လှလှပပလေး ဖွဲ့နွဲ့ထားပါတယ်။ ဒါကို ခေတ်ပြန်ဆိုသူက "ပွေ့ကာချီ ပွေ့ကာချီ
ဖူးပွင့်ငုံဝေစီ" လုပ်ပစ်လိုက်တော့ ပျက်ရော။ ရုန့်ရင်းကြမ်းတမ်းလိုက်တဲ့
ဖြစ်ခြင်း။ မိန်းမပျိုကလေးရဲ့ ကိုယ်လုံးလေးကို ရာဂုမ္မတ္တကြီးတဦးက
ပွေ့ချီသွားတာကို မြင်လိုက်ရတော့တယ်။
သက်ရှိ ခေတ်ဟောင်းတေးရေးဆရာတဦးကတော့ ရုပ်မြင်သံကြားတွေ့ဆုံခန်းမှာ
သူ့သီချင်းစာသားကို မှားဆိုတဲ့အတွက် ဒုက္ခရောက်ရပုံကို ညည်းတွားရှာတာကို
ကြားလိုက်ရဖူးတယ်။ သူ့ရေးရင်းက "ရှမ်းမလေးတွေ အချောရယ် ပေါတယ်"
လို့ရေးတာ၊ ချောမောလှပတဲ့ ရှမ်းမလေးတွေ ပေါများ ပါတယ်ပေါ့။ ဒါကို
"ရှမ်းမလေးတွေ ချောတယ် ပေါတယ်" လုပ်ပစ်လိုက်တော့ သွားရော၊ ရှမ်းမလေးတွေဟာ
ချောလဲ ချောတယ်၊ ပေါလဲ ပေါတယ်လို့ ဖြစ်သွားလေတော့တာပ။
နိုင်ငံကျော် သင်္ကြန်သီချင်းတပုဒ်မှာ စာသားက "မြနန္ဒာ ရေညိုညို
ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ်" ရယ်လို့ ဖြစ်ပါတယ်။ ကိုအံ့ကြီး သီဆို
အသံသွင်းထားရမှာလည်း အဲဒီအတိုင်းပဲ ကြားနိုင်ပါတယ်။ ဒါကို နောက်ပါက်
အဆိုတော်တဦးက "မြလေးလေးနန္ဒာ ရေညိုညို ရစ်ကာသန်းတော့" ရယ်လို့
ဖျက်ဆီးပစ်လိုက်တယ်။ "မြနန္ဒာ" ကို "မြလေးလေးနန္ဒာ" လုပ်ပစ်တာက ရှိရင်းစွဲ
စာသားနဲ့တင် စည်းဝါးကိုက်အောင် မဆိုနိုင်ရှာလို့ - လို့ နားလည်ရတယ်။
"ရစ်ကာသန်းတဲ့" ကို "ရစ်ကာသန်းတော့" လုပ်လိုက်တာကတော့ မြန်မာစကားကို
မတတ်တာပါပဲ။ ရှေးအတိတ်တဘောင်က "အသက်ကလေးရယ်တဲ့ ရှည်စေလို၊
မြနန္ဒာရေညိုသန်းတဲ့ (တယ်) မန်းတောင်ရိပ်ခို" ရယ်လို့ ရှိတယ်။ ဒါကို
သီချင်းထဲမှာ သုံးထားတာပဲ ဖြစ်တယ်။ "ရေညိုသန်းတော့ မန်းတောင်ရိပ်ခို"
ဆိုတော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ "ရေညိုသန်းသောအခါ မန်းတောင်ရိပ်ခို"
ဆိုတာ စကား အဆက်အစပ်ကို မရှိတော့ဘူး
ပါရမီရှင်က ဖွဲ့သီရေးစပ်ထားတဲ့ တေးဂီတများဟာ တိုင်းပြည်ရဲ့
အနုပညာရတနာများပဲ ဖြစ်တယ်။ နောင်လာနောက်သားများက တရိုတသေ
ထိန်းသိမ်းကြရဖို့ တာဝန်ရှိတယ်။ ကိုယ် စာပေဗဟုသုတ ခေါင်းပါးတိုင်း
လျှောက်ပြီး ဖျက်ဆီးပစ်နေဖို့ မကောင်းဘူး။ အနုပညာသမားရယ်လို့
လုပ်ချင်မှတော့ လေ့လာရမှာပေါ့။ စီးဝါးတတ်ကျွမ်းအောင် လေ့ကျင့်ရသလို
တေးထဲမှာ သုံးထားတဲ့ ဘာသာစကားကိုလဲ နှိုက်နှိုက်ချွတ်ချွတ် လေ့လာအပ်တယ်။
ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မေရှင်က တွေ့ဆုံခန်းတခုမှာ
"သီချင်းစာသားတွေကိုတော့ ဖျက်မပစ်ကြပါနဲ့လို့ တောင်းပန်ချင်တယ်ကွယ်" လို့
ပြောတာကို မှတ်သားလိုက်ဖူးတယ်။ ဒါ တာဝန်သိ အနုပညာသည်တဦးရဲ့
ရင်ဖွင့်သံပါပဲ။
သီချင်းဆိုတယ်ဆိုရာမှာ စကားသံပီဖို့လည်း အရေးကြီးတယ်။ ကနေ့ခေတ် လူငယ်များ
မပီကလာ ဆိုကြတာကို ပြောကြရေးကြ လှပါပြီ။ သီချင်းကလေးမဟုတ်၊
သီချင်းကြီးဆိုရာမှာ စကားမပီတဲ့အတွက် စိတ်ပျက်မိကြောင်း ကျွန်တော်လည်း
ရေးဖူးပြီ။ "လျှပ်ပန်းခွေနွဲ့" ကို သီဆိုသွားသူတဦးက "ဘ၀ဂ်စောင်းအောင်"
ကို "ဘ၀ဂ်ဆောင်းအောင်" လို့ ဆိုသွားတဲ့အကြောင်းပါ။ "စ" သံ နဲ့ "ဆ" သံကို
မပီဘဲ ပြောကြဆိုကြတာ ရန်ကုန်မှာ ခေတ်စားနေပေမယ့် သီချင်းဆိုရာမှာ
ပရိသတ်ရှေ့မှာတော့ ပီအောင် ကြိုးစားဖို့ ကောင်းတယ်။ ရုပ်မြင်သံကြား
ကြော်ငြာတခုမှာ "ဝေဒနာ" ကို "ဝေသနာ" လို့ ပြောသွားတာ။ "စောင်းတန်း" ကို
"ဇောင်းတန်း" လို့ ဖတ်သွားတာကို (အမှန်က "စောင်းဒန်း") လဲ ကြားလိုက်ရသေး။
ကြော်ငြာတခုမှာတော့ ရေးပေးသူက ကာရန်ယူပြီး ရေးပေးလိုက်ပုံ ရပါတယ်။
ဖတ်တဲ့သူက မဖတ်တတ်တော့ ကိုးရိုးကားရား ဖြစ်သွားရော။ "မြန်မာပြည်တ၀န်း
နာမည်ဆန်း" တဲ့။ (ဖြစ်သင့်တာက "မြန်မာပြည်တ၀န်း နံမည်ဆန်း")။ စာအတိုင်း
ဖတ်နေစရာ မလိုပါဘူး။ "ရေးတာက အမှန် ဖတ်တာက အသံ" ဆိုထားတာပဲ။ "နံမည်"
လို့ဖတ်မှ "မြန်မာပြည်" နဲ့ ကာရန် ညီမှာပေါ့။
အပျင်းပြေ နားထောင်ကြည့်မိရင်း ပြုံးမိတဲ့ ကြော်ငြာတခုကတော့
"လိပ်ခေါင်းရောဂါရှိလိုက်တာ" တဲ့။ ဘယ်မြန်မာလူမျိုးကမှ အဲဒီလို မအော်ဘူး။
"အမလေး မြန်မာစကား မပြောတတ်လိုက်တာ၊ ကယ်ပါဦး" လို့ပဲ ပြန်အော်ဖို့
ကောင်းတယ်။
"ကျင်းပလိမ့်မှာဖြစ်ကြောင်း"၊ "သွားရောက်လိမ့်မှာဖြစ်ကြောင်း" တဲ့။
မြန်မာစကားမှာ "လိမ့်" နဲ့ "မှာ" တွဲသုံးတာ ရှိကို မရှိဘူး။ ဒီလူတွေ
ဒီအသုံးအနှုန်းကို ဘယ်ကများ ကောက်ရထားပါလိမ့်လို့သာ အံ့သြမိ ရတော့တယ်။
ကြားသိရသမျှ မြန်မာစာ မြန်မာစကား ဆင်းရဲကြပုံတွေထဲက သိသာရုံ အကျဉ်းမျှ
တင်ပြလိုက်ရတာ ဖြစ်ပါကြောင်း။
မောင်သာနိုး။
[မြင့်မြတ်သူ စာအုပ်တိုက်က ထုတ်ဝေတဲ့ မောင်သာနိုးရဲ့ မြန်မာစကားနဲ့စာပေ စာအုပ်၊
ကမ်းလက်များတွင်မျှဝေထားခြင်းကို ပြန်လည်ဝေမျှပါသည်။
October 8, 2015
ကိုယ်မင်းကို
ကိုယ်မင်းကို မချစ်ခဲ့ရင်
ကိုယ်မင်းကို မလွမ်းခဲ့ရင်
ကိုယ်မင်းကို မစဉ်းစားခဲ့ရင်
ကိုယ်မင်းကို မညွှတ်နူးခဲ့ရင်
ကိုယ်မင်းကို ဂရုမစိုက်ခဲ့ရင်
ကိုယ်မင်းဆီက အချစ်ကို မလိုချင်ခဲ့ရင်
ကိုယ်မင်းဆီက အလွမ်းကို မလိုချင်ခဲ့ရင်
ကိုယ်မင်းဆီက ဂရုစိုက်မှုကို မလိုချင်ခဲ့ရင်
ကိုယ်မင်းကို ရစ်မှာမဟုတ်သလို ဥပက္ခာသာပြုထားမိမှာ
ချစ်လို့ရစ်တာ ချစ်လို့လွမ်းတာ အသဲကျွမ်းတော့မယ် ချစ်သူ။
ပိုး ၆၊၁၀၊၂၀၁၅

"အောက်တိုဘာအလွမ်း"
"အောက်တိုဘာအလွမ်း"
မင်းမရှိတဲ့မြို့ အလွမ်းတွေခဏ
ထုပ်သိမ်းထားမယ်
မင်းရှိသည်ဖြစ်စေ မင်းမရှိသည်ဖြစ်စေ
သစ္စာဆိုတာ ထားအပ်တဲ့အရာ
တမြို့တည်းတောင် ခဏခဏလွမ်းတတ်တာ
အဝေးတနေရာ ကွာကာခြား
ိုပို ပို သည်းလာမယ့်မိုးလို
ငါ့အလွမ်းတွေလည်း တာလိုကျိုးပေါ့
ကြာမြင့်မယ့်ရက်တွေ ခက်ဝေဖြာလက်ချိုးလို့
သူပြန်ရာလမ်း ကိုယ်ကစောင့် ။
ပိုး

(ထပ်မံနာကျင်ရမှကြောက်နေသူ)
နေ့ရက်တိုင်းမှာ အသက်ရှင်နေကြတယ်
အချိန်တိုင်းမှာ အသက်ရှူနေကြတယ်
နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုတွေရှိတယ်
နေ့ရက်တိုင်းမှာ ဝမ်နည်းမှုတွေရှိတယ်
နေ့ရက်တိုင်းမှာ နာကြင်မှုတွေရှိတယ်
နေ့ရက်တိုင်းမှာ မျှော်လင့်မှုတွေရှိတယ်
မျှော်လင့်ချက်ဆိုတာ ရိုက်ချိုးခံဖို့မဟုတ်ဘူး
အသက်ရှင်နေထိုင်ဖို့
မျှော်လင့်ချက်တော့ ရှင်သန်ခွင့်ပေးပါ။
ပိုး ၇၊၁၀၊၂၀၁၅

အချစ်သင်ပင်မညှိုးစေချင်
ဟိုးခပ်ဝေးဝေးကအရိပ်လေးမြင်တိုင်း သူလို့ထင်လို့ လှည်လှည့်ကြည့်မိတယ်။
စိတ်ထင်ရာစေစားသမျှ နေရာတိုင်းမှာသူပဲလေ။ ဟိုခပ်ဝေးဝေးက
နေရာတစ်ခုဆီသို့သူထွက်သွားပြီပဲ ။ ဒီလိုတွေးတိုင်း ဝမ်းနည်းမျက်ရည်တွေက
ခပ်တွေတွေစီးလို့ ။ အိပ်ပျက်ညတွေ အိပ်မက်ဆိုး
တွေက သူနဲ့ခွဲခွာပြီးတိုင်း လန့်လန့်နိုးတယ်။ နှလုံးခုန်တွေမြန်ပြီး
ဆေးခန်းရောက်ချိန်တွေနဲ့ သောက်ဆေးတွေ ကုဋေကဋာ။ အိပ်မက်ကိုတော့
သိပ်မမှတ်မိတော့ဘူး ၊ ဒါပေမယ့် ကိုယ်ကိုချန်ထားပြီး ကျောခိုင်းလို့
မိန်းကလေး တစ်ယောက် လက်ကိုတွဲ အဝေးကို ထွက်သွားတယ်။ အဲဒီမြင်ကွင်းကြောင့်
ကိုယ်ရှိုက်သံတွေနဲ့ ဖျတ်ခနဲ လန့်နိုးခဲ့တယ်။ ခွဲခွာချန်ခဲ့လို့
ကျန်ရစ်ဖြစ်မှာကိုတော့ မလိုလားဘူးလေ။ အိပ်မက်တိုင်းဟာ နမိတ်ဖြစ်တတ်တဲ့
ကိုယ့်အတွက်တော့ ဒါဟာ ကိုယ်တို့နှစ်ယောက်အတွက် တကယ်ဖြစ်တည်လာမှာကို
စိုးရိမ်ခဲ့သူပါ။
အခါခါရင်တွေအကွဲခံပြီး ချစ်သူတွေချစ်ခဲ့ကြတယ။် ပြီးမှ ဒဏ်ရာတွေပေးထားပြီး
ချန်ရစ်ခံခဲ့ရတာ ကိုယ်ပါ။ ကိုယ်တစ်ယောက်ထဲပဲ နေတော့မယ်
စိတ်ကူးထားခဲ့တဲ့ကိုယ့်ကို နှလုံးသားကို တဒေါက်ဒေါက်ခေါက် ဝင်လာခဲ့တာ
သူပါ။ ကိုယ်ပြန်ချစ်ဖို့ စဉ်းစားခဲ့တာ အကြာကြီးဆိုတာ သူအသိဆုံးပါပဲ။
သူ့အပြုံးတွေ သူ့အယုယတွေ သူ့အနစ်နာခံမှုတွေနဲ့ ကိုယ့်ဘဝထဲကို
မိုးစက်လေးတွေလို သွန်းဖြိုးပြီး အချစ်သစ်ပင်ငယ်လေး ထပ်ပေါက်လာခဲ့တယ်။
သစ်ပင်ငယ်တုန်းမှာ လောင်းရိပ်မိမှာ ၊ မုန်တိုင်းဒဏ်သင့်မှာ ၊
လူနင်းခံရမှာကြောက်ခဲ့တာ မဆန်းပါဘူးသူ။ သစ်ပင်ငယ်အရွယ်ရောက်ရင်
ဘယ်သူခူးခူး၊ ဘယ်သူခုတ်ခုတ် ၊ကိုယ်တိုင်မရွေ့မပြောင်းရင်
မရွေ့ရတဲ့ဒဏ်တွေကို ကိုယ်တို့ကြံ့ကြံ့ခံနိုင်မှာပါ။ သူများခုတ်လှဲလဲ
မလဲအောင် ကျားကန်ထားရမှာပေါ့။
မပျိုးခင်ကတည်းက ပျိုးသင့်မပျိုးသင့် စဉ်းစားသင့်တယ်။ ဘာတွေကြုံနိုင်သလဲ
၊ လောကဓံ ကံကြမ္မာ အလှည့်အပြောင်း ဘယ်လိုပင် လာလာ ကြံ့ကြံ့ခံမယ်ပေါ့။
ကိုယ်ပျိုးတဲ့အပင်က ရာသီဒဏ်ခံနိုင်မယ့် ညောင်ပင်ကြီးလိုမျို ဖြစ်သင့်တယ်။
သူမျာတွေ ကိုယ့်အပင်အောက်ရောက်လာတာနဲ့ သာယာချမ်းမြေ့မှုကို
ပေးစွမ်းနိုင်ရမယ်၊ အေးမြစေရမယ် ။ ကဲကိုယ်တို့ပျိုးတဲ့ အပင်လေး
ရာသီဒဏ်မခံနိုင်မှာတော့ကြောက်နေမိတယ်။
ကိုယ်တို့ပျိုးပင်လေးဟာ ရာသီဒဏ်ခံနိုင်မယ် ဆိုတာယုံကြည်မိတယ်။
အရိပ်မြင်တိုင်း သူလို့ထင်နေတဲ့စိတ်ဖျောက်ရမယ်။ အိပ်မက်က
အိပ်မက်သာဖြစ်ပါစေ ဆုတောင်းရင်း ။ ထပ်ရလာမယ့် ဒဏ်ရာအတွက်
ကိုယ်အဆုံးသတ်ကတော့ ဘယ်တော့မှ ဘယ်သူမှ မလိုက်နိုင်တဲ့နေရာ။
ပိုး ၇.၁၀.၂၀၁၅

သင်သည်
သင်အလိုရှိနေတဲ့သူကို မရှာပါနဲ့...
သင့်ကို လိုအပ်နေသူကိုသာရှာပါ...
သင့်ကို ဂရုမစိုက်သူကို အလေးထားမနေပါနဲ့ သင့်ကို ဂရုစိုက်တဲ့သူကိုသာ အလေးထားပါ...
သင့်စိတ်ထဲ ရှိနေတဲ့သူအကြောင်း အတွေးပိုမနေပါနဲ့... သင့်ကို
စိတ်ထဲထားသူအကြောင်းကိုသာ တွေးတောပါ...
သင် သင့်ကို မချစ်တဲ့လူအတွက်...
ကြိုးစားမနေပါနဲ့... သင့်ကို ချစ်နေသူကိုသာ ပြန်ချစ်နိုင်ဖို့ ကြိုးစားပါ...
ဘဝမှာ ကိုယ့်ဘက်က စိတ်ချမ်းသာမယ် သေချာနေရင် တခြားဘာကိုမှ မစဉ်းစားပါနဲ့
အတ္တကြီး သင့်ရင် ကြီးလိုက်ပါ...
တစ်ခါတစ်ရံမှာ အရှုံးလို့ ထင်ရတဲ့ အရာတွေက မထင်မှတ်ပဲ အနိုင်ဖြစ်နေတတ်တယ်...
Admin......ဒိုက်ဒိုက်(မန္တလေး)
ပြန်လည်ကူးယူဝေမျှပါသည်။

အလွမ်းပုံပြင်
အတိတ်တစ်ပြင်စကိုဖြင့်
ပြန်၍မြင် ရင်ထဲစိတ်ဘဝင်
ရွှင်ကြည်ချိုမြ
ကန်ရေပြင်ကို ခပ်ဆွေးဆွေးလေးငေး
လေနုအေးကပါးပြင်ရိုက်ခတ်
သူ့အကြင်နာနွေးလား
ပြန်တွေးကြည်နူး ဒီညနေမျိုး
အမြန်ဆုံး ရောက်ပါစေ။
(သူနဲ့နယ်မြေခြားတိုင်း ပိုတတ်တဲ့လွမ်းစိတ်နဲ့ ကဗျာမရေးဘူးစဉ်းစားပေမယ့်သတိရတော့လည်း သတိရတာ အင်းယားပါနော် )
ပိုးတီ
Subscribe to:
Comments (Atom)